ညီနေမင်း သို့ ပေးစာ

ကိုညီနေမင်း ရေ

မပြောတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ကိုညီနေမင်းနဲ့ ပတ်သက်တဲ့ စာတွေရောက်ရောက်လာလို့ ပေးစာတစ်စောင်လောက်ရေးလိုက်ပါတယ်။ ထိုစာတွေ အားလုံးကို အတိုချုံ့ ပြောပြရရင် ကိုညီနေမင်း ဆီကို နားမလည်တဲ့ အကြောင်းလေးတွေ ၊ ဒေါင်းလော့လုပ်တဲ့အခါ အဆင်မပြေတာလေးတွေကို ပြန်မေးတဲ့အခါ ကိုညီနေမင်းဆီက ဘာမှ တုန့်ပြန်သံမကြားရ တော့ လူတချို့ က စိတ်ဆိုးကြတယ်ထင်ပါတယ်။

ကျန်ုပ်အမြင်မှာလည်း ကိုညီနေမင်း လုပ်နေတဲ့အလုပ်ဟာ ဂျီးတော်နွား အငှားကျောင်းတဲ့ အလုပ်ပါပဲ။ တပြားတချပ်မှ မရပါဘူး။ အချိန်ကုန်ခံ ၊ လူပင်ပန်းခံပြီး ဖိုရမ် ၊ တခြားသော နိုင်ငံခြား ဘလော့ဂ်တွေကို လှည့်ပြီး ဆော့ဝဲတွေ ဒေါင်းရ ပြန်တင်ရ ကိုညီနေမင်းလည်း အလုပ်တော်တော်ရှုပ်မှာပါ။


တကယ်တော့ ကိုညီနေမင်း တင်ထားတဲ့ တော်တော်များများ ဆော့ဝဲတွေ ၊ နည်းပညာတွေဟာ ကိုညီနေမင်း လက်ရာမဟုတ်မှန်း ဖိုရမ်တိုင်းကို လှည့်နေတဲ့ သူတိုင်းသိပါတယ်။ ကိုညီနေမင်းအနေနဲ့ ဂူဂယ်ကို အားကိုးပြီး နည်းပညာတွေကို ဖြန့်ဝေပေးတာ ကျန်ုပ်တို့ နားလည်ပါတယ်။ ပြီးတော့ တချို့သော နည်းပညာတွေကို ကိုညီနေမင်းရှာလို့မတွေ့လို့ အကြောင်းမပြန်တာလို့ ကျန်ုပ်တို့ ခန့်မန်းမိပါတယ်။

ထိုအခါ စာဖတ်သူတချို့ က ကိုညီနေမင်းသည် မာနကြီးသည် ၊ ဘာဖြစ်သည်လို့ စွတ်စွဲကြပါတယ်။ တကယ်တော့ ကိုညီနေမင်း ရဲ့ တုန့်ပြန်ပုံ မှားယွင်းနေတယ်လို့ ခံစားမိပါတယ်။ ကိုညီနေမင်းအနေနဲ့ ကိုယ်တင်တဲ့ ပိုစ့်တိုင်းကို တာဝန်ယူသင့်ပါတယ်။ ကိုယ်မသိရင် မသိဘူးလို့ပြော၊ မအားရင် မအားဘူးလို့ လေးလေးစားစား တုန့်ပြန်သင့်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ပဲ ကွန်မန့် ကြတော့ အပရု လုပ်နိုင်ပြီး ၊ မေးထားတဲ့ ကိစ္စကြတော့ မဖြေခြင်းဟာ ကိုညီနေမင်းရဲ့ စာဖတ်သူကို စော်ကားရာလည်းရောက်ပါတယ်။

နောက်တစ်ခုက ကိုညီနေမင်း တင်ထားတဲ့ ဆော့ဂ်ဝဲတွေ နည်းပညာ တွေကို မူရင်းဆိုဒ်လေးပါ ထည့်ပေးစေချင်ပါတယ်။ လိုအပ်ရင် ငါ့ဆီပဲလာ ငါ့ကိုပဲမေးဆိုတဲ့ လုပ်ရပ်တွေဟာ အင်မတန်မှ စိတ်ပျတ်စရာကောင်းပါတယ်။ ကိုညီနေမင်းက အဲ့ဒီလို မရည်ရွယ်ပေမယ့် ကိုညီနေမင်း လုပ်ရပ်ဟာ အဲ့ဒီပုံပေါက်နေတယ်လို့ ခံစားမိပါတယ်။ အဲ့ဒီလိုမျိုး မူရင်းလေး ထည့်ပေးခြင်းအားဖြင့် ကိုညီနေမင်းလည်း ဂုဏ်တက်ပါတယ်။ မူပိုင်ခွင့်ကိုလည်း လေးစားရာရောက်ပါတယ်။ တခြားစိတ်ဝင်စားသူတွေလည်း နောက်တစ်ချိန်လိုအပ်တဲ့အခါ ကိုယ့်ဟာကို ရှာနိုင်ဖွေနိုင်သွားမှာပါ။

အားလုံး အဆင်ပြေပြေလေး ဖြစ်စေချင်ပါတယ်။

မောင်ဘ ( စီစဉ်တင်ဆက်သည်)